June 24, 2010 by Ei Maung
Comments (0)
Community
ဒေါက်တာသန်းထွန်းရေးတဲ့ "မြန်မာနိုင်ငံ သုတေသနအသင်း စတင်တည်ထောင်ပုံ" ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်မှာ "Research” ဆိုတဲ့ စကားလုံးကို "သုတေသန” လို့ ၁၉၀၀ ပြည့်နှစ်လောက်မှာ မြန်မာမှုပြုခဲ့ပြီး မြန်မာနိုင်ငံ သုတေသနအသင်းရဲ့ ပထမဆုံး အစည်းအဝေးကို ၁၉၁၀ ခုနှစ် မတ်လမှာ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒုတိယဘုရင်ခံ သဘာပတိလုပ်တဲ့ အဲ့ဒီ အစည်းအဝေးမှာ ဗြိတိသျှပညာရှင်တွေနဲ့အတူ ဦးမေအောင်လည်း ပါဝင်ခဲ့ပါတယ်။ ဦးမေအောင်က အစည်းအဝေး အဖွင့်စကားပြောကြားခဲ့ရာမှာ မြန်မာနိုင်ငံ သုတေသနအသင်းကို "ပညာရှင်” အသင်းထက် "ပညာရှာ” အသင်းလို့ ခေါ်သင့်တယ်လို့ ဆိုပါတယ်။
အသင်းအနေနဲ့ ဆက်လက်ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေထဲမှာ၊ မြန်မာ့စွယ်စုံကျမ်းပြုစုဖို့၊ ယခင်ပညာရှင်များရေးသားထားတဲ့ မြန်မာနိုင်ငံနဲ့ပက်သက်တဲ့ စာတမ်းများ ပြန်လည်စုစည်းဖို့၊ မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးများအကြောင်း လေ့လာဖို့ စတာတွေပါဝင်ပါတယ်။ ဒီကိစ္စတွေကို တစ်ဦးချင်းလုပ်တာထက်စာရင် ပေါင်းစပ်အားနဲ့လုပ်ဆောင်တာက ပိုမိုထိရောက်မှာဖြစ်တယ် လို့လည်း ဆိုပါတယ်။
အသင်းသားတွေအနေနဲ့လည်း နှစ်စဉ်ကြေးပေးနေယုံနဲ့ ကျေနပ်မနေပဲ လစဉ် ဘာတွေလုပ်ခဲ့တယ်ဆိုတာကို အစီရင်ခံစာရေးဖို့၊ ဆောင်းပါးရေးပြီး အသင်းဂျာနယ်မှာ ထည့်ဖို့တွေကိုလည်း တိုက်တွန်းသွားခဲ့ပါတယ်။
Community ဆိုတာဟာ ဒါပါပဲ။ စိတ်ပါဝင်စားမှုတူညီတဲ့ လူတွေဟာ တစ်နေရာမှာစုစည်းပြီး တိုင်းပင်ဆွေးနွေးကြတာ၊ သုတေသနပြုလုပ်ကြတာတွေ ကို Community လို့ခေါ်ပါတယ်။ ဒါဟာ ယခင်က ရှိခဲ့တဲ့ Community တွေရဲ့ ပုံသဏ္ဍာန်ပဲ ဖြစ်ပါတယ်။
Online Community
Information Technology, Internet, Web, Globalization စတဲ့ စကားလုံးတွေကို ကြားရဖန်များလွန်းလို့ ရိုးတောင်နေပါပြီ။ ဒါတွေကို အကျယ်ချဲ့ပြောနေဖို့ မလိုတော့ဘူးလို့ ထင်ပါတယ်။
Community ဆိုတာဟာ လူတွေ စုဖွဲ့ပြီး ပူးပေါင်းဆောင်ရွက်ကြတာဖြစ်ပါတယ်။ ရှေးယခင်က ဒီလို ပူးပေါင်းဆောင်ရွက်နိုင်ဖို့ နေရာတစ်နေရာမှာ စုစည်းကြဖို့လိုအပ်ပါတယ်။ ဒါပေမယ့် အခုခေတ်မှာတော့ Internet ရဲ့ ကျေးဇူးကြောင့် Community တွေရဲ့ ပုံသဏ္ဍာန်လည်း ပြောင်းလဲသွားပြီဖြစ်ပါတယ်။
Forum တွေ၊ Chat Room တွေ၊ Social Network တွေနဲ့ Social Software တွေအသုံးပြုပြီး လူတွေဟာ မိမိအိမ်ကနေ၊ (သို့မဟုတ်) မည်သည့်နေရာကနေမဆို အများနဲ့ ဆက်သွယ်နိုင်၊ ပူးပေါင်းဆောင်ရွက်နိုင်နေပြီ ဖြစ်ပါတယ်။
Online Community တွေမှာ ဖွဲ့စည်းပုံအခက်အခဲမရှိတဲ့အတွက် ပုံသဏ္ဍာန်အမျိုးမျိုး စုံလင်အောင် ရှိကြပါတယ်။ တစ်ချို့ကလည်း Social Community တွေဖြစ်ပြီး တစ်ချို့ကတော့ Professional Community တွေဖြစ်ကြပါတယ်။ ဥပမာ - Facebook ဟာ Social Community ဖြစ်ပြီး myanmaritpro.com ဟာ Professional Community တစ်ခုဖြစ်ပါတယ်။
Wikipedia လို Site မျိုးဟာဆိုရင်လည်း မည်သူမဆို ၀င်ရောက်ပြင်ဆင်နိုင်တဲ့အတွက် Online Community တစ်ခုပဲ ဖြစ်ပါတယ်။ ၀င်ရောက်ဖတ်ရှုသူတွေ ထင်မြင်ချက်နဲ့ ဝေဖန်ချက်တွေ ပြန်ပေးလို့ရတဲ့ Blog တွေဟာလည်း Online Community အမျိုးအစားတွေထဲက တစ်ခုပဲဖြစ်ပါတယ်။
Online Community ၏ အကျိုးကျေးဇူးများ
ကိစ္စအတော်များများဟာ တစ်ဦးတည်းဆောက်ရွက်တာထက် အများနဲ့ ပူးပေါင်းဆောင်ရွက်တာက ပိုမိုထိရောက်တယ်ဆိုတာ အားလုံး သိရှိလက်ခံထားမယ်လို့ ယုံကြည်ပါတယ်။ Community တွေရဲ့ အရေးပါပုံကို ဒီနေရာမှာ အကျယ်မချဲ့တော့ပါဘူး။ Online Community တွေရဲ့ အားသာချက်တွေကိုပဲ အဓိကထား ဖော်ပြပေးချင်ပါတယ်။
၁.) အချိန်၊ နေရာ ကန့်သတ်ချက်များ မရှိတော့ခြင်း။
Online Community တွေရဲ့ ပထမဦးဆုံးအားသာချက်ကတော့ တစ်ခုခုအတွက် လူစုနေစရာမလိုတာပါပဲ။ မည်သည့်အချိန်မဆို မည်သည့်နေရာကနေ မည်သူမဆို ဆက်သွယ်လို့ရပါတယ်။ အကြမ်းဖျင်းအားဖြင့် နိုင်ငံ နယ်နမိတ် ကန့်သတ်ချက်တွေ မရှိပဲ မိမိစိတ်ဝင်စားရာ Community မှာ မည်သူမဆို ပါဝင်လို့ ရပါတယ်။
၂.) တန်းတူ အခွင့်အရေးရရှိခြင်း
လူအများစုဟာ လူပုံအလယ်မှာ စကား မပြောရဲကြပါဘူး။ ပြီးတော့ သြဇာတိက္ကမရှိတဲ့သူ၊ (သို့မဟုတ်) မိမိကြောက်ရွံ့လေးစားရတဲ့သူတွေ ရှေ့မှာ မိမိအမြင်ကို ပွင့်လင်းစွာပြောဖို့ဆိုတာ ခက်ခဲတက်ကြပါတယ်။ Online Community တွေမှာတော့ မည်သူမဆို အားလုံးဟာ အဆင့်တူ၊ တန်းတူဖြစ်သွားပြီး မိမိအမြင်တွေကို ပိုမိုလွပ်လပ်စွာ ဖော်ထုပ်ခွင့် ရကြပါတယ်။
၃.) မှတ်တမ်း ကျန်ရှိခြင်း
စကားဝိုင်းတစ်ခုကို မှတ်တမ်းလိုက်ရေးတဲ့သူတစ်ယောက်မရှိပဲ တစ်လုံးမကျန် မှတ်တမ်းတင်ထားနိုင်မှာမဟုတ်ပါဘူး။ Online Community တွေမှာရှိတဲ့ ဆွေးနွေးချက်တွေနဲ့ တစ်ခြား အချက်အလက်တွေဟာ အလိုလို မှတ်တမ်းတင်ပြီးသား အဖြစ် ရှိနေပါတယ်။ ပြီးတော့ နှုတ်တစ်ရာ စာတစ်လုံးဆိုတဲ့ စကားလည်း ရှိပါတယ်။ စာမှတ်တမ်းအနေနဲ့ ကျန်ရှိမှာဖြစ်တဲ့အတွက် အများအားဖြင့် ပိုမို ဂရုပြု ပြောဆိုဆွေးနွေးကြလေ့ရှိပါတယ်။
၎.) လွပ်လပ်စွာ အပြန်အလှန် ဆက်သွယ်နိုင်ခြင်း
တစ်ဦးတစ်ယောက်ရဲ့ ဆွေးနွေးချက်နဲ့ပက်သက်ပြီး အချိန်အခါမရွေး၊ မေးခွန်းထုပ်နိုင်ပါတယ်။ ထင်မြင်ချက်၊ ဝေဖန်ချက် တွေကိုလည်း အချိန်အခါမရွေးပေးလို့ရနိုင်ပါတယ်။
၅.) အခွင့်အလမ်း များခြင်း
မိတ်ဆွေအပေါင်းအသင်းများခြင်းဟာ အလုပ်အကိုင်အခွင့်အလမ်းအတွက် လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ Online Community တွေမှာ နယ်နမိတ်ကန့်သတ်ချက်တွေ မရှိပါဘူး။ ပြီးတော့ တစ်ဦးနဲ့တစ်ဦး အချိန်နဲ့အမျှ ထိတွေ့နေနိုင်တဲ့ ဆက်သွယ်ရေးနည်းလမ်းတွေကြောင့် ပိုမိုများပြားတဲ့ မိတ်ဆွေအပေါင်းအသင်းတွေ ရနိုင်ပြီး အခွင့်အလမ်းတွေလည်း တိုးပွားနိုင်ပါတယ်။
ယခင်က သာမာန် Freelancer တစ်ယောက်အနေနဲ့ ကမ္ဘာနဲ့ ဆက်ဆံပြီး အလုပ်လုပ်ဖို့ဆိုတာ အလွန်ခက်ခဲပါတယ်။ အခုတော့ အင်တာနက်နဲ့ Online Community တွေရဲ့ ကျေးဇူးကြောင့် ကမ္ဘာနဲ့ဆက်ဆံပြီး အလုပ်လုပ်ဖို့ဆိုတာ လွယ်ကူသွားပြီ ဖြစ်ပါတယ်။
Online Community တွေကနေ ကိုယ်နဲ့ အသင့်တော်ဆုံးအလုပ်အတွက် အဆက်အသွယ်ရနိုင်သလို၊ ဘယ်လို Career Options တွေရှိလဲဆိုတာမျိုးပါ သိရနိုင်ပါတယ်။ ဘယ်လမ်းကြောင်းက အခွင့်အရေးပိုကောင်းပြီး ဘယ်လို ပညာရပ်မျိုးကိုတော့ လေ့လာထားသင့်တယ်ဆိုတာမျိုးတွေလည်း သိရနိုင်ပါတယ်။ ကမ္ဘာမှာ ဘာတွေအခွင့်သာနေပြီး ပြည်တွင်းမှာ ဘာတွေ အခွင့်သာနေလည်း ဆိုတာမျိုးလည်း သိရနိုင်ပါတယ်။ ဒါဟာ လေ့လာနေသူများအတွက် မဟာ အခွင့်အရေးကြီးဖြစ်ပါတယ်။
Professional တွေအတွက်လည်း Community တွေကို Marketing Platform တစ်ခုအနေနဲ့ အသုံးချနိုင်သလို မိမိတို့ Product အရည်အသွေးအတွက် Survey ကောက်ဖို့၊ Feedback တောင်းဖို့ အသုံးချနိုင်ပါသေးတယ်။ မိမိတို့ Product ကို ကုန်ကျစရိတ်မရှိပဲ အများကို ကြော်ငြာခွင့်ရပါတယ်။ အများရဲ့ အမြင်နဲ့ အကြံဥာဏ်တွေကို တောင်းခံနိုင်ခွင့်ရပါတယ်။ ဒါဟာလည်း မဟာအခွင့်အရေးကြီးပဲဖြစ်ပါတယ်။
အမှန်တော့ Online Community တွေရဲ့ အားသာချက်တွေထဲမှာ ဒီအချက်က အရေးအကြီးဆုံးဖြစ်ပါတယ်။
အပြစ်
Online Community တွေမှာ အကျိုးတွေချည်းရှိပြီး ဘာအပြစ်မှ မရှိတော့တာမျိုးတော့ မဟုတ်ပါဘူး။ အားနည်းချက်တွေလည်း ရှိပါတယ်။ ဥပမာ - တစ်ချို့ကိစ္စတွေက Online Community မှာ ပြောနေတာထက် မျက်နှာချင်းဆိုင်ဆွေးနွေးလိုက်တာက ပိုမိုထိရောက် မြန်ဆန်တာမျိုးတွေ ရှိပါတယ်။
ကမ္ဘာပြားပြီ
Tomas L. Friedman ရေးတဲ့ The World is Flat ကို ဆရာကျော်ဝင်းက ကမ္ဘာပြားပြီ ဆိုပြီး ပြန်ရေးထားတဲ့ စာအုပ် အတော်ကောင်းပါတယ်။ မဖတ်ရသေးရင် ဖတ်ကြည့်ဖို့ ဒီနေရာကနေ အကြံပေးချင်ပါတယ်။ Tomas Friedman ရဲ့ အဆိုအရ Information Technology နဲ့ Globalization ကြောင့် ကမ္ဘာအရပ်ရပ်မှာရှိကြတဲ့ လူတွေဟာ မည်သည့် နိုင်ငံမှာပဲနေနေ တစ်ကမ္ဘာလုံးနဲ့ တန်းတူအခွင့်အရေးရပြီး တန်းတူပြိုင်ဆိုင်နိုင်ကြပြီလို့ ဆိုပါတယ်။
ကျွန်တော်တို့နိုင်ငံမှာလည်း လူတိုင်း အိမ်မှာ အင်တာနက် မတပ်နိုင်သေးပေမယ့် Public Access Center တွေ နေရာအနှံ့အပြား မှာ ရှိနေတဲ့အတွက် ကမ္ဘာပြားခြင်းရဲ့ အကျိုးကျေးဇူးကို ထိုက်သင့်သလောက် ခံစားနေရပြီဖြစ်ပါတယ်။ ကမ္ဘာနဲ့ချီ အလုပ်လုပ်ဖို့ သိပ်မခက်တော့သလို၊ ကမ္ဘာအရပ်ရပ်နဲ့လည်း အလွယ်တစ်ကူ ဆက်သွယ်နိုင်ပြီဖြစ်ပါတယ်။
Internet ခေတ်
လူငယ်တွေရဲ့ နည်းပညာဆာလောင်မှု့ကို လျှော့မတွက်သင့်ပါဘူး။ လူငယ်တွေဟာ နည်းပညာနဲ့ပက်သက်ရင် ကမ္ဘာနဲ့ ရင်ဘောင်တန်းလိုပါတယ်။ နည်းပညာအသစ်ဆိုရင် အလွန်စိတ်ဝင်စားကြပါတယ်။ နည်းပညာအသစ် သုံးနိုင်ခြင်းကို ဂုဏ်ယူလိုကြပါတယ်။ ဒါဟာ ကောင်းမွန်တဲ့ အချက်လို့မြင်မိပါတယ်။
၂၀၀၃ ပတ်ဝန်းကျင်က ရန်ကုန်မှာ Network Game ယဉ်ကျေးမှုတစ်ခု လူငယ်တွေကြားထဲမှာ စတင်ခဲ့ဖူးပါတယ်။ အဲ့ဒီအချိန်ကစပြီး Network Game ကစားခြင်းဟာ လူငယ်တွေရဲ့ကြားထဲမှာ Fashion တစ်ခုသဖွယ်ဖြစ်လာခဲ့တာဟာ အခုအချိန်ထိပါပဲ။ လူကြီးတွေကတော့ စိုးရိမ်ကြပါတယ်။ ဂိမ်းတွေသိပ်ဆော့လို့ ကျောင်းစာမှာများ အားနည်းသွားမလား၊ မျက်လုံးတွေပျက်ကုန်မလား စသဖြင့် စိတ်ပူကြပါတယ်။ အငြင်းအခုန်တွေလည်း ဖြစ်ကြပါတယ်။ နောက်ပိုင်းမှာ လူကြီးတွေလည်း ဂိမ်းဆိုင်သွားတာဟာ အရက်ဆိုင်သွားတာထက်တော့ တော်သေးတယ်ဆိုပြီး အထူးကန့်ကွက်တာမျိုးမလုပ်တော့ပဲ၊ ပညာရေး ထိခိုက်အောင်ထိ အလွန်အကျွံ့မဆော့ကြဖို့လောက်သာ တားကြပါတော့တယ်။
ဘာပဲပြောပြော Network Game ကြောင့် လူငယ်တွေ ကွန်ပြူတာနဲ့ ရင်းနှီးကျွမ်းဝင်လာပြီး ကွန်ပြူတာအသုံးပြုမှု အခြေခံသင်တန်းဆိုတာမျိုးကို တစ်ကူးတစ်က တက်နေစရာမလိုတော့ပါဘူး။ Network Game ဆော့ကြတဲ့ လူငယ်တိုင်း ကွန်ပြူတာသုံးတက်လာတာဟာ အမြတ်ပဲဖြစ်ပါတယ်။
အခုတော့ အင်တာနက်ခေတ်ဖြစ်လာပြီး Public Access Center တွေပေါ်လာလိုက်တာဟာ ရန်ကုန်မှာဆိုရင် လက်ညှိုးထိုးမလွဲပါပဲ။ ယခင်က အင်တာနက်ဆိုတာကို ခဏလေး သုံးခွင့်ရဖို့အတွက် ပြပွဲတွေဘာတွေမှာ ပေးသုံးရင် အလုအယက်သုံးကြရာကနေ အခုတော့ မည်သူမဆို အလွယ်တစ်ကူ သုံးနိုင်လာပါပြီ။
Network Game တုန်းက လူငယ်တွေသာ အဓိက သုံးဖြစ်ခဲ့ပေမယ့် အင်တာနက်ခေတ်မှာတော့ အရွယ်သုံးပါးမရွေး အင်တာနက်မှ အင်တာနက်ဖြစ်လာကြပါပြီ။ နည်းပညာတွေကို လူတွေနားလည်လာပြီး အသုံးပြုလာကြတာဟာ ၀မ်းသာစရာဖြစ်ပါတယ်။ အခုဆိုရင် ရပ်ကွက်ထဲမှာ လူငယ်ထဲက အင်တာနက်မသုံးတက်တဲ့သူဆိုတာ မရှိသလောက်ဖြစ်ပြီး၊ လူကြီးထဲက လည်း အချို့ သုံးတက်နေကြပြီ ဖြစ်ပါတယ်။
လူငယ်တွေ အငြင်းအခုန်ဖြစ်ရင် "မငြင်းနဲ့ဟေ့ကောင်... ငါ ၀က်ဆိုက်ထဲက ကြည့်လာတာ" လို့ ပြောလာကြသလို၊ ဈေးထဲက ဟင်းရွက်ရောင်းတဲ့ အမျိုးသမီးကလည်း "ဟဲ့... ဟိုမင်းသမီးရဲ့ ဟိုသတင်းကြားပြီးပလား... ငါ အင်တာနက်က ကြားလာတယ်ဟဲ့...” ဆိုတာမျိုးတွေ ကြားနေရပါပြီ။ တစ်လောက နယ်ပြန်ရောက်သွားတော့ လက်ဘက်ရည်ဆိုင်မှာ ချာတိတ်တစ်ယောက် ပြောနေတာ ကြားလိုက်ရတော့ မျက်လုံးတောင်မှ ပြူးသွားရပါတယ်။ "ငါ့မျက်လုံးနဲ့ကို တပ်အပ်မြင်တာကွာ... ငါရန်ကုန်ရောက်တုန်းက အင်တာနက်ကနေ လှမ်းကြည့်လိုက်တာ” ဆိုပဲ...
တစ်လောက ရုံးမှာ မပြတ်ခဲ့တဲ့ အလုပ်လေးတစ်ခုရှိလို့ ရပ်ကွက်ထဲက အင်တာနက်ဆိုင်ကို သွားပါတယ်။ အဲ့ဒီရက်ပိုင်းက Backbone Down နေတာနဲ့ တစ်ခြား အခက်အခဲတစ်ချို့ကြောင့် Connection တွေ ပျက်နေတဲ့အချိန်ဖြစ်ပါတယ်။ အရေးကြီးတဲ့အလုပ်ကို မေ့လာတာဆိုတော့ Connection ရမှ ရပါ့မလား ရင်တစ်ထိတ်ထိတ်နဲ့ပါ။ အင်တာနက်ဆိုင်ရောက်တော့ လူအပြည့်ရှိတာကို မြင်လိုက်ရမှ စိတ်သက်သာရာရသွားပါတယ်။ ဒါနဲ့ စက်တစ်လုံးမှာ ၀င်ထိုက်လိုက်ပါတယ်။ ဒါပေမယ့် Web Page တွေ က တက်မလာပါဘူး။ ဆိုင်ကလူကို Connection မရဘူးလားလို့ မေးလိုက်တော့ "ရတယ်လေ... သူများတွေတောင် သုံးနေသားပဲ” ဆိုလို့ ဘေးဘီကို ဝေ့ကြည့်လိုက်တော့မှ လက်မလည်နိုင်အောင် အလုပ်များနေတဲ့ သူတွေကို တွေ့လိုက်ရပါတယ်။ အဲ့ဒီတော့မှ "Connection ရတယ်၊ Internet ရတယ်ဆိုတာဟာ Gtalk ရတာကို ပြောမှန်း” နားလည်သွားရပါတယ်။
Internet ခေတ်မှာတော့ ထွန်းကားနေတာ အင်တာနက်ယဉ်ကျေးမှု့မဟုတ်ပဲ Gtalk ယဉ်ကျေးမှု ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ “Chatting ထိုင်တယ်" ဆိုတဲ့အလုပ်ကို တစ်ကူးတစ်က အချိန်ကုန်ခံလုပ်နေပြီး အဲ့ဒီ စကားလုံးအသုံးအနှုံးကို ဂုဏ်ယူစရာတစ်ခုလို ပြောနေကြတာတော့ တစ်ခုခုလွဲနေတယ်လို့ ထင်မိပါတယ်။
Instant Messaging ဆိုတာဟာ အလွန်အသုံးဝင်တဲ့ Communication အမျိုးအစားတစ်ခုဖြစ်ပါတယ်။ Gtalk ဟာ Instant Messaging အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ အလုပ်လုပ်တဲ့အခါ အလုပ်အပ်သူနဲ့ အလုပ်လုပ်သူ လူချင်းတောင်မှ မတွေ့ဖူးပဲ အလုပ်ဖြစ်သွားတာတွေ အများကြီးရှိပါတယ်။ ဒါဟာ Gtalk ဆိုတဲ့ Communication Tool ရဲ့ ကျေးဇူးကြောင့်ပါ။ အလုပ်အပ်သူက Email နဲ့ မိတ်ဆက်ပြီး သူလိုချင်တာကို Email နဲ့ပြောတယ်။ သဘောတူညီမှုရပြီဆိုရင် တစ်ဆင့်တက်ပြီး အလုပ်လုပ်သူနဲ့ အလုပ်အပ်သူ Gtalk ကနေတစ်ဆင့် မရှင်းတာမေးတာမျိုးတွေ၊ ပါဝင်မယ့် လုပ်ဆောင်ချက်တွေအတွက် ဆွေးနွေးတာမျိုးတွေ လုပ်ရပါတယ်။ ဒါမျိုးကို ပူးပေါင်းဆောင်ရွက်ခြင်း (Collaboration) လို့ခေါ်ပါတယ်။ Gtalk လို IM တွေသာ မရှိရင် လုပ်နိုင်မှာမဟုတ်သလို ဒီလို အလုပ်အကိုင်အခွင့်အလမ်းတွေ ရှိလာမှာ မဟုတ်ပါဘူး။ ကမ္ဘာနဲ့ဆက်ဆံပြီးတော့လည်း အလုပ်လုပ်နိုင်မှာ မဟုတ်ပါဘူး။
အထက်မှာ Community ရဲ့ အရေးပါပုံနဲ့ Online Community ရဲ့ အားသာချက်တွေကို တင်ပြခဲ့ပါတယ်။ Community တွေရဲ့ အသက်ဟာ Communication ဆိုတဲ့ ဆက်သွယ်ရေးနဲ့ Collaboration ဆိုတဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပါတယ်။ လူငယ်တွေ Gtalk ကနေတစ်ဆင့် Community တွေဖြစ်လာပြီး မိတ်ဆွေအပေါင်းအသင်း တိုးလာတာဟာ ၀မ်းသာစရာဖြစ်ပါတယ်။ ဒါပေမယ့် ဒီ Community ရဲ့ အကျိုးကိုနားမလည်ပဲ Community ကို တစ်လွဲအသုံးချမိနေမှာကို စိုးရိမ်မိပါတယ်။
အင်တာနက်ခေတ်ကြီးမှာ အင်တာနက်ရဲ့ ကျေးဇူးကြောင့် ကြိုးစားရင် ကြိုးစားသလောက် အရာထင်လာပြီး ကမ္ဘာနဲ့ ပြိုင်ဆိုင်နိုင်လာတဲ့အချိန်မှာ၊ ဒီအခွင့်အရေးကို အမိအရမယူပဲ နည်းပညာကို လွဲမှားစွာအသုံးချနေမယ်ဆိုရင် လက်တစ်ကမ်းမှာရှိတဲ့ အခွင့်အရေးကို ပုတ်ချနေသလို ဖြစ်နေပါလိမ့်မယ်။
ဒီလိုပြောလို့ အင်တာနက်နည်းပညာကို ပညာရှာဖို့၊ အလုပ်လုပ်ဖို့ချည်း အသုံးချရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ Social Community ဆိုတာဟာလည်း သုံးတက်ရင် အကျိုးရှိပါတယ်။
ဒီနေရာကနေပြောချင်တာက ကမ္ဘာကြီးတစ်ခုလုံးကို ပြောင်းလဲသွားစေတဲ့ အင်တာနက်ကနေ ငါဘာရသလဲဆိုတဲ့ မေးခွန်းကို မိမိကိုယ်ကိုယ် မေးကြည့်သင့်ကြောင်း ပြောလိုပါတယ်။ အင်တာနက် ကို Personal ပဲသုံးသုံး၊ Professional ပဲသုံးသုံး၊ အင်တာနက် နဲ့ Online Community ရဲ့ အကျိုးကျေးဇူးကို နားလည်ပြီး အမှန်တစ်ကယ် အကျိုးရှိအောင် အသုံးပြုကြစေချင်ကြောင်း ပြောလိုပါတယ်။
June 24, 2010 by Ei Maung
Comments (0)
open-source, business, software
ကျွန်တော် Programming ကို စတင်လေ့လာတော့ C/C++ ကနေ စတင်လေ့လာဖြစ်ခဲ့ပါတယ်။ ဒုတိယမြောက် လေ့လာဖြစ်တာက Visual Basic 6 ဖြစ်ပါတယ်။ C Programming Language မှာ Windows လေး တစ်ခုလောက်ဖောက်ဖို့ကို အတော်အားထုပ်ရပြီး၊ Visual Basic မှာတော့ Windows Application ကြီး တစ်ခုလုံးကို အလွယ်တစ်ကူ ဖန်တီးလို့ရပါတယ်။ ကိုယ့်မှာ စိတ်ကူးပဲရှိဖို့လိုပြီး အဲ့ဒီစိတ်ကူးကို အကောင်အထည်ဖော်တဲ့နေရာမှာ မြန်ဆန်လွယ်ကူတဲ့အတွက် Visual Basic ကို အတော် သဘောကျသွားခဲ့ပါတယ်။ အဲ့ဒီ အချိန်တုန်းက IDE နဲ့ Programming Language ကို ကွဲကွဲပြားပြားမသိသေးသလို Language Abstraction တွေရဲ့သဘောတရားတွေကိုလည်း နားမလည်သေးပါဘူး။
အမှန်တော့ Visual Basic ဆိုတာ Programming Language တွေရဲ့ သမိုင်းတစ်လျှောက်မှာ အဝေဖန်ခံရဆုံး Programming Language တစ်ခုဖြစ်ခဲ့ပါတယ်။ အများစု ဝေဖန်တဲ့အထဲမှာ အဓိကအချက် နှစ်ချက်ရှိပါတယ်...
1. Language Structure မကျခြင်း
2. Windows မှာပဲ အလုပ်လုပ်ခြင်း
တို့ဖြစ်ကြပါတယ်။
Language က Structure မကျတဲ့အတွက် နောက်ပိုင်းမှာ Maintain လုပ်ရခက်ခဲတယ်ဆိုတာတော့ အမှန်ပါပဲ။ ဒါပေမယ့် ဒါကလည်း ရေးသားသူ Programmer ပါးနပ်ရင် ပါးနပ်သလို Maintainable ဖြစ်အောင် ရေးလို့ ရနိုင်ပါတယ်။ အဲ့ဒီအချိန်မှာ တစ်ခြား ဘယ် Programming Language ကမှ သူ့လောက် Windows Application တွေကို မြန်မြန်ဆန်ဆန် ထုပ်လုပ်မပေးနိုင်တဲ့အတွက် ဒီအချက်ကို အပြစ်လို့ မမြင်နိုင်ခဲ့ပါဘူး။
Windows မှာပဲ အလုပ်လုပ်တယ်ဆိုတာလည်း ပြဿနာမရှိပါဘူး။ Microsoft Windows က Desktop Market ရဲ့ Market Share 95% လောက်ကို ယူထားတာပဲ။ Windows မှာ အလုပ်လုပ်တယ်ဆိုတာဟာ ၉၅% သော Desktop တွေမှာ အလုပ်လုပ်တာပဲပေါ့။ တစ်ခြား Mac တို့ Linux တို့မှာ အလုပ်မလုပ်လည်း ပြဿနာမရှိပါဘူး လို့ ယူဆခဲ့ပါတယ်။
လူပြောများနေတဲ့ သိပ်ကောင်းပါတယ်ဆိုတဲ့ Linux တို့ ဘာတို့ဆိုတာကလည်း Open-source ဖြစ်ပါတယ်။ အဲ့ဒီ Open-source ရဲ့ သဘောသဘာဝကို ကောင်းကောင်း နားမလည်တော့ ဒီလို ယူဆခဲ့ပါတယ်...
“Open-source ဆိုတော့ သူများကို အလကားပေးတာနေမှာပေါ့။ ဒီလူတွေ ရူးများနေကြသလား။ သူတို့က ဒီလိုသာအလကားလိုက်ပေးနေရင် Software ဈေးကွက်တော့ပျက်တော့မှာပဲ။ ငါတို့လို Software ရေးနေတဲ့ Programmer တွေ ဒုက္ခရောက်ကုန်မှာပေါ့။ အလကားပေးနေတော့ ဘယ်ကပိုက်ဆံရမှာလဲ။ ပိုက်ဆံ မရှိပဲနဲ့ သူတို့က ဘယ်လောက်ထိအောင် အလကား ပေးနေနိုင်မှာမို့လို့လဲ။ အလကားပါ။ ဒီလို ပုံစံနဲ့တော့ Windows ကိုကျော်နိုင်မှာမဟုတ်ပါဘူး။ နောက်ထပ် အနည်းဆုံး (၁၀) နှစ် အနှစ် (၂၀) တော့ Windows က Desktop Market ကို လက်ဝါးကြီးအုပ်ထားဦးမှာပဲ။ Visual Basic Program တွေက Windows ပေါ်မှာပဲ အလုပ်လုပ်တာ ဘာဖြစ်သေးလဲ။ "
ဒီလို တွေးခဲ့ပါတယ်။ အခုထိလည်း Open-source ရဲ့ သဘောသဘာဝကို နားမလည်သူတွေ၊ Microsoft နည်းပညာတွေနဲ့ အဓိကရပ်တည်နေသူတွေနဲ့ .NET Programmer တွေ ဒီလိုပဲ တွေးကြဦးမှာ အသေအချာပါပဲ။
အခု ကျွန်တော်တွေးခဲ့မိတဲ့ နောက်ထပ် အနည်းဆုံး (၁၀) နှစ်ဆိုတဲ့ကာလကို ကျော်လွန်လာခဲ့ပါပြီ။ အနှစ် (၂၀) ထိတောင် မနေပါဘူး။ အစစအရာရာလည်း ပြောင်းလဲသွားခဲ့ပါပြီ။ World Wide Web ရဲ့ ကြီးမားတဲ့အောင်မြင်မှုနဲ့အတူ Windows Application တွေရဲ့နေရာမှာ Web Application တွေက အစားထိုး နေရာယူလာပါပြီ။ Visual Basic 6 ဆိုတဲ့ Programming Language လည်း သေသွားခဲ့ပါပြီ။ သူ့နေရာမှာ Web ကို ပိုအသားပေးတဲ့ Microsoft .NET Framework နဲ့ C#.NET လို Language တွေက နေရာဝင်ယူသွားပါပြီ။
ဒီဆောင်းပါးမှာ အဓိကတင်ပြချင်တာက Programming Language တွေအကြောင်းမဟုတ်သလို၊ ကျွန်တော် Open-source အပေါ် အမြင်ပြောင်းလဲသွားပုံလည်း မဟုတ်ပါဘူး။ အများစု Open-source ကို နားလည်မှု လွဲနေတာလေးကို ရှင်းပြချင်တဲ့အတွက် တစ်ချိန်က Open-source အပေါ်ထားခဲ့တဲ့ Windows Application Developer တစ်ယောက်ရဲ့ အမြင်ကို တင်ပြနေတာဖြစ်ပါတယ်။
တစ်ချိန်က ကျွန်တော်ထင်မြင်ယူဆခဲ့သလိုပဲ၊ အခုချိန်မှာလည်း Open-source ဆိုတာဟာ အလကားလိုက်ပေးနေတဲ့အတွက် သက်သက် ဈေးကွက်ကိုဖျက်စီး နေတဲ့အရာပဲလို့ ထင်မြင်ယူဆနေသူတွေ အများကြီး ရှိနိုင်ပါတယ်။ တစ်ချို့ကလည်း “Open-source ကကောင်းပါတယ်၊ Source Code တွေပါပေးတာ့ လေ့လာလို့ရတာပေါ့။ အလကားလည်း သုံးရတယ်ဆိုတော့ အဆင်ပြေတာပဲ။ ဒါပေမယ့် ဒို့ Software တွေကိုတော့ အလကား မပေးနိုင်ပါဘူး။ အပင်ပန်းခံရေးထားရတာ အကျိုးအမြတ်လေးတော့ လိုချင်တာပေါ့" ဆိုတဲ့သူတွေလည်း အများကြီး ရှိနိုင်ပါတယ်။ အလကားပေးလိုက်ရင် (ငွေကြေး) အကျိုးအမြတ်မရနိုင်တော့ဘူးလို့ ထင်မြင်ယူဆကြပါတယ်။
Open-source ရဲ့ သဘောသဘာဝ အစစ်အမှန်ကို နောက်များမှ အသေးစိတ် ဖော်ပြပါဦးမယ်။ အခုလောလောဆယ်တော့ မိမိတို့ရဲ့ Software Product တွေကို အလကားပေးခြင်းအားဖြင့် (ငွေကြေး) အကျိုးအမြတ် ဘယ်လို ရနိုင်သလဲဆိုတဲ့ အချက်များကို အဓိကထား တင်ပြသွားပါမယ်။
အများစုက Software ကို ရောင်းချခြင်းဖြင့်သာ ငွေကြေးအကျိုးအမြတ်ရနိုင်မယ်လို့ ယူဆထားကြပါတယ်။ ဒီလို ရောင်းချနိုင်ဖို့အတွက် ဈေးကွက်ထဲက ပြိုင်ဘက်တွေထက် ပိုကောင်းတယ်လို့ထင်ရ တဲ့ Software တွေ အပြိုင်အဆိုင်ရေးရပါတယ်။ ပိုကောင်းတယ်လို့ထင်ရဖို့အတွက် User သုံးသုံး မသုံးသုံး Feature တွေ တစ်ပုံတစ်ပင်ကြီး ထည့်ရပါတယ်။ ရလဒ်အနေနဲ့ ရှုပ်ထွေးလွန်းလို့ (၃)လလောက် သီးသန့် သင်တန်းပေးမှသာ သုံးတက်မယ့် Software တွေ ထွက်လာတာပါပဲ။ အမှန်က အဲ့ဒီ Software တွေရဲ့ ပိုလျှံနေတဲ့ Feature ထဲက (၃)ပုံ (၂)ပုံလောက်က အမှန်တစ်ကယ် မလိုအပ်တဲ့ အပိုတွေပါ။ သူများထက် ပိုကောင်းကြောင်းပြနိုင်ဖို့ Feature တွေ ထပ်ထည့်ရင်းထည့်ရင်း အဲ့ဒီလိုတွေဖြစ်ကုန်တာပါ။
ကိုယ့်ရဲ့ နည်းပညာကို ပြိုင်ဘက်တွေ မသိအောင်၊ လိုက်မလုပ်နိုင်အောင်လည်း ဖွက်နိုင်သမျှ ဖွက်ရပါတယ် (ကိုယ်ကတော့ အင်တာနက်ကနေ အလကားရတာလေးတွေ ဆွဲချပြီး သုံးထားတယ်)။ ၀ယ်ချင်လို့မေးတဲ့သူကိုတောင် ပြိုင်ဘက်ရဲ့ သူလျှိုများလားဆိုတဲ့ သံသယနဲ့ ကိုယ့် Software အကြောင်း ရှင်းမပြရဲလောက်အောင် ဖြစ်ကြရတာတွေ လည်း ရှိပါတယ်။
ခပ်ရိုင်းရိုင်း ပြောရရင် ဒါတွေဟာ စားခွက်လုနေတာပါပဲ။ ဘာကြောင့် ဒီလို စားခွက်လုရလဲဆိုတော့ Software ရောင်းဖို့အတွက် "ပေး... ပိုက်ဆံ၊ ရော Software ယူ" ဆိုတဲ့ နည်းလမ်း တစ်ခုတည်းသာရှိပြီး အဲ့ဒီ နည်းလမ်း တစ်ခုတည်းကို သာ ၀ိုင်းဝန်း အသုံးပြုနေရတဲ့အတွက် ဖြစ်ပါတယ်။ ဒီလို လုနေမယ့်အစား တိုးတက်လာတဲ့ နည်းပညာတွေနဲ့အညီ အမှန်တစ်ကယ် အကျိုးအမြတ် ပိုရှိမယ့် Business Model အသစ်လေးတွေ ရှာကြပြီး အသုံးပြုကြဖို့ ကောင်းပါတယ်။
Software ကို အလကားပေးပြီး ငွေရှာမယ်ဆိုရင်တော့ တစ်ခြား ပိုပြီး ကောင်းမွန်တဲ့ နည်းလမ်းတွေအများကြီးရှိပါတယ်။ အဲ့ဒီ အထဲက လူသုံးများနေတဲ့ နည်းလမ်းတစ်ချို့ကို ဖော်ပြလိုက်ပါတယ်...
Technical Support ပေးသည့်နည်း
အလကားပေးပြီး (ငွေကြေး)အကျိုးအမြတ်ရှာတဲ့ နည်းလမ်းထဲမှာ ဒီနည်းလမ်းက လူသုံးအများဆုံးဖြစ်ပါတယ်။ ဘယ် Software မှ ကောက်တင်လိုက်တာနဲ့ အစအဆုံး ပြဿနာမရှိ အဆင်ပြေပြေ သုံးလို့ရသွားတယ်ဆိုတာ မရှိပါဘူး။ အသုံးပြုသူ User ရဲ့ နားမလည်မှုကြောင့်ပဲဖြစ်ဖြစ်၊ မှားယွင်းမှုကြောင့်ပဲဖြစ်ဖြစ်၊ Software ကိုယ်တိုင်ရဲ့ အားနည်းချက်ကြောင့်ပဲဖြစ်ဖြစ် အခက်အခဲ၊ ပြဿနာဆိုတာ ရှိတက်တာချည်းပါပဲ။ အမှန်က Software ကို ၀ယ်သုံးတယ်ဆိုတာဟာ ကိုယ့်ရဲ့လုပ်ငန်း ပိုမိုအဆင်ပြေချောမွေစေဖို့ဖြစ်ပါတယ်။ ဒီ Software ကြောင့် ဖြစ်လာတဲ့ ပြဿနာကို ဖြေရှင်းဖို့အချိန်မပေးချင်ပါတယ်။ ဒီပြဿနာတွေ ကြုံလာတဲ့အခါ မြန်ဆန်ထိရောက်ဖို့ ကျွမ်းကျင်သူရဲ့ အကူအညီကို ယူရတာချည်းပါပဲ။ အသုံးပြုသူ User တွေဆိုတာ (Enterprise User တွေအပါအ၀င်) နည်းပညာနဲ့ ပက်သက်တဲ့ Professional တွေ မှမဟုတ်တာ။ ဒါကြောင့်လည်း Software တိုင်းမှာ Tech Support ဆိုတာ တွဲပါနေတာပါ။
Software တစ်ခုကို ရောင်းထားမယ်ဆိုရင် ဒီလို Tech Support ပေးဖို့ဆိုတာ တာဝန် တစ်ရပ်ဖြစ်လာပါတယ်။ ကိုယ့် Software ကို ငွေကြေးတစ်စုံတစ်ရာနဲ့ ရောင်းထားပြီး အခက်အခဲရှိလာတဲ့အခါ Support မပေးချင်လို့ ဘယ်ရပါ့မလဲ။ ပြီးတော့ အဲ့ဒီလို Support ဆိုတာမျိုးကလည်း ဒီ Software ကို သုံးနေသမျှကာလပတ်လုံး လိုအပ်နေမှာပါ။ အချိန်ကာလ အကန့်အသတ်မရှိပါဘူး။ ထားပါတော့... တစ်နှစ်ပဲ Support ပေးမယ်၊ တစ်နှစ်ကျော်ရင် မပေးတော့ဘူးလို့ စာချုပ်ချုပ်ထားမယ်ဆိုပါစို့၊ တစ်နှစ်ကျော်လို့ ပြဿနာတက်တဲ့အခါ စာချုပ်အရ Support ထပ်မပေးတော့ဘူးဆိုရင် "ဈေးကြီးပေးဝယ်ထားရပြီး အဆင်လည်းမပြေဘူး” ဆိုပြီး ကိုယ့် Software ပဲနာမည်ပျက်ပါတယ်။
ဒီနေရာမှာ Software ကို ရောင်းတာထက် ပိုကောင်းတဲ့ နည်းလမ်းတစ်ခုကို တင်ပြပါမယ်။ ပုံမှန်အားဖြင့် အဲ့ဒီ Software ကို ငွေကျပ် (၁၀)သိန်းနဲ့ ရောင်းတယ်ဆိုပါစို့။ ရောင်းမယ့်အစား အလကားပေးလိုက်ပါ။ မည်သူမဆို လွပ်လပ်စွာသုံးလို့ရပါသည်ပေါ့။ ပြီးတော့မှ Tech Support လိုချင်သူကို Support Plan တွေ ရောင်းလို့ရပါတယ်။ ဥပမာ - Tech Support လိုချင်ရင် Phone Only Support ဆိုရင် တစ်လကို ကျပ် (၅)သောင်း၊ On-site / Full Technical Support ဆိုရင် တစ်လကို (၁)သိန်း ပေးရမယ်လို့တောင်းလို့ရပါတယ်။ Software ကို ရောင်းရင် ရောင်းတဲ့အချိန် တစ်ခါပဲ ရပါမယ်။ Support ကိုရောင်းစားရင်တော့ Support ပေးနေရသမျှ ကာလပတ်လုံး (တနည်းအားဖြင့်) အဲ့ဒီ Software ကို User က အသုံးပြုနေသမျှ ကာလပတ်လုံး ရနေမှာ ဖြစ်ပါမယ်။
ဝယ်သုံးထားတဲ့ Software တစ်ခုမှာ အခက်အခဲတစ်စုံတစ်ရာ ရှိလို့ Tech Support ခေါ်ထားတာကို ဒီနေ့မအားလို့ သန်ဘက်ခါမှလာမယ်ဆိုတာမျိုးကြောင့် စိတ်ညစ်နေတဲ့ User တွေအနေနဲ့ကလည်း ဒီလို Professional Tech Support Plan ကို အခကြေးငွေပေးပြီး ၀ယ်ယူထားရတာမျိုးကို ပိုတောင်ကြိုက်ကြပါသေးတယ်။ အခက်အခဲဖြစ်လာရင် Professional ဆန်ဆန် ချက်ချင်း တာဝန်ယူဖြေရှင်းပေးမယ့်သူ အသင့်ရှိတယ်ဆိုတာကို ကြိုက်ကြပါတယ်။ Software ငွေကုန်ကျေးကျများစွာနဲ့ ၀ယ်မထားရတဲ့အတွက်လည်း ဒီလို Plan မျိုး ၀ယ်ထားရလို့ ပြဿနာမရှိပါဘူး။ လိုချင်တဲ့အခါ Support ယူပြီး မလိုချင်တဲ့အခါ မယူပဲနေလို့ရတဲ့အတွက်လည်း ပိုကြိုက်ကြပါသေးတယ်။
ဒီနည်းလမ်းဟာ အခုချိန်မှာ အသုံးအတော်များတဲ့ Business Model တစ်ခု ဖြစ်နေပြီး Enterprise Server လောကမှာ နာမည်ကြီးတဲ့ Red Hat ဟာ ဒီနည်းနဲ့ပဲ Multi-Million ကုမ္ပဏီကြီးတစ်ခု ဖြစ်နေတာဖြစ်ပါတယ်။
Hardware ရောင်းသည့်နည်း
Google က သူရဲ့ Mobile Phone OS ဖြစ်တဲ့ Android ကို Open-source ပေးထားပါတယ်။ ဒီလို Open-source ပေးလိုက်တဲ့အတွက် Community Contribution ပိုရပြီး ပိုကောင်း၊ ပိုတည်ငြိမ်တဲ့ Mobile Phone OS တစ်ခုကို ရရှိသွားပါတယ်။ Smart Phone ဈေးကွက်ထဲကို ၀င်ပြိုင်တော့မယ်ဆိုရင် ဈေးကွက်ထဲမှာ အောင်မြင်နေတဲ့ iPhone နဲ့ တစ်ခြား ဖုန်းတွေကို ယှဉ်ပြိုင်ဖို့ ကောင်းမွန်ပြည့်စုံတဲ့ Mobile Phone OS တစ်ခု လိုအပ်ပါတယ်။ အဲ့ဒီ လိုအပ်နေတဲ့ OS ကိုရဖို့အတွက် Open-source Android ကို ဖန်တီးခဲ့တာဖြစ်ပါတယ်။ ဒီလို Solid OS တစ်ခု ရှိပြီးတော့မှ Hardware ဖြစ်တဲ့ Smart Phone တွေ ထုပ်လုပ် ရောင်းချမှာ ဖြစ်ပါတယ်။
ဒါဟာ Software ကို အလကားပေးပြီး Hardware ကို ရောင်းချတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ Network Router ထုပ်လုပ်သူတွေလည်း ဒီလိုနည်းမျိုးကိုသုံးလေ့ရှိပါတယ်။ Software ကို အလကားပေးပြီး၊ Hardware ဖြစ်တဲ့ Network Equipment တွေကို ရောင်းချလို့ရပါတယ်။
Solution ပေးသည့်နည်း
အမှန်တော့ လုပ်ငန်းကြီးတွေအတွက် Software ချည်းသက်သက်က သိပ် အသုံးမ၀င်လှပါဘူး။ အဲ့ဒီ Software ဟာ လုပ်ငန်းလိုအပ်ချက်နဲ့ ပြဿနာရဲ့ လိုအပ်ချက်ကို ဖြေရှင်းပေးနိုင်တဲ့ Solution အဆင့်ကို ရောက်လာမှသာ အမှန်တစ်ကယ် အသုံးဝင်တဲ့ Enterprise Solution ဖြစ်လာတာပါ။ လူတစ်ဦးချင်းပဲဖြစ်ဖြစ်၊ လုပ်ငန်းတစ်ခုချင်းပဲဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် ရှိနေတဲ့ ပြဿနာချင်း အတိအကျမတူကြသလို၊ လိုအပ်နေတဲ့ Solution လည်း တူကြမှာမဟုတ်ပါဘူး။ Software တစ်ခုဟာ အမှန်တစ်ကယ် အသုံးဝင်တဲ့ Solution တစ်ခုဖြစ်လာဖို့ အဲ့ဒီ Software တွေပေါ်မှာ အခြေခံပြီး လိုအပ်နေတဲ့ Solution ကို ဖန်တီးပေးနိုင်ဖို့ လိုအပ်ပါတယ်။
Software ကို မရောင်းပဲ Solution တွေကို ဖန်တီး ရောင်းချခြင်းဟာလည်း အခြားနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ IBM က ဒီနည်းလမ်းကို အတော်ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုပါတယ်။ IBM အနေနဲ့ Open-source Software တွေတိုးတက်လာအောင် အထူးအားပေး ကူညီသလို သူတို့ရဲ့ Open-source Project တွေလည်း အများကြီး ရှိပါတယ်။ IBM ဟာ Software တွေကို Open-source ပေးပြီး အဲ့ဒီ Open-source software တွေကနေ Solution တွေဖန်တီးပြီး အကျိုးအမြတ်ရှာဖွေ အောင်မြင်နေတဲ့ အကောင်းဆုံး ဥပမာတစ်ခုဖြစ်ပါတယ်။
Software as a Service (SaaS)
ဒီနည်းလမ်းက Software ကိုမရောင်းပဲ ငှားတဲ့နည်းလမ်းဖြစ်ပါတယ်။ အကြမ်းဖျင်းအားဖြင့် Web Based Software တွေမှာ ဒီနည်းလမ်းကို အသုံးပြုကြပါတယ်။ အခုအချိန်မှာ အတော်လေးလူကြိုက်များနေတဲ့ Business Model တစ်ခုလည်း ဖြစ်ပါတယ်။ Zoho, BaseCamp စတဲ့ Software တွေဟာ ဒီနည်းလမ်းကို အသုံးပြုကြပါတယ်။ ဒီနေရာမှာ Ruby on Rails ဆိုတဲ့ နာမည်ကျော် Web Development Framework ကို တီထွင်ခဲ့တဲ့ David Heinemeier Hansson က SaaS Software (service) ကနေ ၀င်ငွေ ရနိုင်ပုံကို တွက်ပြတာလေးကို ဖော်ပြချင်ပါတယ်။
1.လူတွေအတွက် အမှန်တစ်ကယ်အသုံးဝင်တဲ့ Web Base Software (Service) တစ်ခုကို ဖန်တီးပါ။
2.အဲ့ဒီ Service ကို အသုံးပြုလိုသူများကို တစ်လ $49 တောင်းခံပါ။
3.အသုံးပြုသူ Member (၂၀၀၀) ရှိတယ်ဆိုကြပါစို့...
4.တစ်နှစ်နေရင် အဲ့ဒီ Service ကနေ ဒေါ်လာတစ်သန်း ၀င်ငွေ ရရှိနေပါပြီ။
၄၉ * ၂၀၀၀ * ၁၂ = ၁,၁၇၆,၀၀၀
ဒီနည်းလမ်းဟာ Software ကို အပြတ်ရောင်းလိုက်တာထက် အများကြီး ပိုထိရောက်တဲ့အတွက် အခုနောက်ပိုင်း လူကြိုက်များလာတဲ့ Model တစ်ခုဖြစ်နေပါတယ်။
ကြော်ငြာ မှ ရှာသည့်နည်း
ဒါကတော့ Software ကို အထက်က SaaS တွေ မှာလို မငှားပဲ အလကားပေးပြီး၊ ကြော်ငြာကနေ ၀င်ငွေရှာတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒီလို ကြော်ငြာကနေ ၀င်ငွေရှာနည်းဟာလည်း အတော်လေးအောင်မြင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ လက်ရှိ အင်တာနက်မှာ အအောင်မြင်ဆုံးဖြစ်နေတဲ့ Google က ကြော်ငြာဝင်ငွေပေါ်မှာ အဓိကရပ်တည်နေတဲ့ လုပ်ငန်းကြီးတစ်ခုဖြစ်ပါတယ်။ Google Service အတော်များများဟာ အခမဲ့သုံးလို့ရပါတယ်။ Google Search၊ Gmail စတဲ့ Service တွေကို အသုံးပြုဖို့ ကျွန်တော်တို့ အသုံးပြုသူတွေက ပိုက်ဆံပေးဖို့မလိုပါဘူး။ အဲ့ဒီ Service တွေမှာ ကြော်ငြာထည့်သွင်းထားတဲ့ ကြော်ငြာရှင်တွေက ပေးပါလိမ့်မယ်။
အခုဆိုရင် Google Adsense အပါအ၀င် ကြော်ငြာ Network တွေ အင်တာနက်ပေါ်မှာ အများကြီး ရှိပါတယ်။ ကိုယ့်မှာ Web Site ဒါမှမဟုတ် Web Application တစ်ခုခုရှိတယ်ဆိုရင် ကိုယ့် Site မှာ ကြော်ငြာထည့်သွင်းလိုသူ လုပ်ငန်းရှင်ကို လိုက်ရှာနေစရာမလိုပါဘူး။ Google Adsense လိုမျိုး Service တွေနဲ့ချိတ်ဆက်ထားမယ်ဆိုရင် Site နဲ့ သင့်တော်မယ့် ကြော်ငြာတွေကို အဲ့ဒီ Service တွေကို အလိုအလျှောက် ထည့်သွင်းပေးပါတယ်။ Site ရဲ့ အသုံးပြုသူ အနည်းအများ (Impression) နဲ့၊ အဲ့ဒီ ကြော်ငြာတွေကို လူဘယ်လောက် Click နှိပ်သလဲ (Pay par Click) ဆိုတဲ့အပေါ်မူတည်ပြီး ၀င်ငွေရနိုင်တဲ့နည်းလမ်းတွေ ရှိနေပါတယ်။
ဒါကြောင့် အသုံးပြုသူကို အလကားသုံးခွင့်ပြုပြီး ကြော်ငြာကနေ ငွေရှာတဲ့နည်းလမ်းဟာ ထိရောက်ပြီး လူသုံးများတဲ့ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။
အဖွဲ့အစည်းအထောက်အပံ့
အဖွဲ့အစည်းအထေက်အပံ့နဲ့ ရပ်တည်တာဟာ ၀င်ငွေအကျိုးအမြတ်ရှာနည်းတော့ မဟုတ်ပါဘူး။ Software တစ်ခုကို အလကားပေးပြီး ရေရှည် ရပ်တည်နေနိုင်တဲ့ နည်းလမ်းတစ်ခုသာ ဖြစ်ပါတယ်။
Linux, Apache, Wikipedia စတဲ့ Open-source software အတော်များများဟာ ဒီလိုမျိုး နောက်ခံအဖွဲ့အစည်း အထောက်အပံ့နဲ့ ရပ်တည်နေကြတာဖြစ်ပါတယ်။ ဒီလို Software တွေဟာ လူတစ်ဦးချင်းနဲ့၊ စီးပွားရေးလုပ်ငန်းတွေ အတွက် အသုံးဝင်ယုံသာမက၊ အစိုးရအဖွဲ့အစည်းတွေနဲ့ အခြား လူမှုရေးအဖွဲ့အစည်းတွေ၊ NGO အဖွဲ့အစည်းတွေအတွက်ပါ အသုံးဝင်တဲ့အတွက်၊ အဲ့ဒီ Software တွေကို ထောက်ပံ့နေတဲ့ နောက်ခံအဖွဲ့အစည်းတွေဟာ အထူးတောင့်တင့်ပြီး အဲ့ဒီ အဖွဲ့အစည်းရဲ့ အင်အားနဲ့ ရပ်တည်နေကြတာဖြစ်ပါတယ်။
အခြားနည်းလမ်များ
တစ်ချို့ Open-source software တွေ နဲ့ Web Service တွေဟာ အခမဲ့ပေးထားပြီး ကုန်ကျစရိတ်နဲ့ အခြား စရိတ်စကတွေကို အစပိုင်းမှာ ကိုယ့်အိတ်ထဲကနေ စိုက်ထုပ် ရပ်တည်ကြပါတယ်။ နောက်ပိုင်းမှာ ဒီ Software ကို အသုံးချပြီး လုပ်လို့ရနိုင်တဲ့ Business Model ကို မြင်သူတွေက ၀ယ်ယူပြီး ဆက်လက်လုပ်ကိုင်သွားတဲ့ သာဓကတွေလည်း ရှိပါတယ်။ YouTube ဟာ မည်သူမဆို အခမဲ့အသုံးပြုလို့ရတဲ့ Video Sharing Web Site တစ်ခုဖြစ်ပါတယ်။ အဲ့ဒီ YouTube ကို တည်ထောင်ပြီး တစ်နှစ်အကြာ (၂၀၀၆) မှာ Google က ဒေါ်လာ (၁.၆၅) ဘီလီယံနဲ့ ၀ယ်ယူသွားခဲ့ပါတယ်။ တစ်ခြား ဒီလို အဖြစ်အပျက်တွေ အများကြီး ရှိပါတယ်။
တစ်ချို့ Open-source software တွေမှာ ဒီ Software က သင့်အတွက်အသုံးဝင်တယ်ဆိုရင် ဒီ Software ကို ထောက်ပံ့တဲ့အနေနဲ့ လှူဒါန်းနိုင်ပါတယ် ဆိုတာမျိုး အလှူခံတက်ပါတယ်။ အဲ့ဒီလို အများလှူဒါန်းမှုပေါ်မှာ ရပ်တည်နေတဲ့ Open-source software တွေ အများကြီးပါ။
Software ကို အလကားပေးထားပြီး အဲ့ဒီ Software ကို နှစ်သက်သူတွေနဲ့ ထောက်ပံ့လိုသူတွေကို T-Shirt တွေ၊ စတေကာတွေ၊ ဘောပင်၊ ခွက် စသဖြင့် ပစ္စည်းပစ္စယလေးတွေကို ရောင်းချပြီး ၀င်ငွေရှာနည်းဟာလည်း နောက်ထပ် ၀င်ငွေရနည်းတစ်ခုပဲဖြစ်ပါတယ်။
အထက်မှာ တင်ပြခဲ့တဲ့နည်းလမ်းတွေအပြင် အခြားနည်းလမ်းတွေလည်း ရှိနိုင်ပါသေးတယ်။
အလကားပေးပြီး (ငွေကြေး)အကျိုးအမြတ်ရှာဖွေတဲ့ နည်းလမ်းတွေ အများကြီး ရှိတယ်ဆိုတာကို တင်ပြခဲ့ပြီးပါပြီ။ မိမိရဲ့ လုပ်ငန်းနဲ့ ကိုက်ညီတဲ့နည်းလမ်း၊ မိမိနှစ်သက်တဲ့ နည်းလမ်းကို ရွေးချယ် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အဲ့ဒီ နည်းလမ်းတွေကို နှစ်မျိုးသုံးမျိုး ရောပြီးတော့လည်း သုံးနိုင်ပါသေးတယ်။
Software ကို ရောင်းပြီးတော့ ငွေရှာမယ်ဆိုရင်တော့ "ပိုက်ဆံပေး၊ ရော့ Software ယူ” ဆိုတဲ့ နည်းလမ်း တစ်ခုတည်းသာရှိပါတယ်။
ဒီလောက်ဆိုရင် Open-source software တွေမှာလည်း ခိုင်မာတဲ့ Business Model နဲ့ ငွေရှာနည်းတွေ ရှိနေတယ်ဆိုတာကို မြင်သာမယ်လို့ ထင်ပါတယ်။ ဒီလို Business Model တွေကို သုံးမသုံးဆိုတာကတော့ ကိုယ်ကိုယ်တိုင်ရဲ့ ရွေးချယ်မှုပဲဖြစ်ပါတယ်။
ကဲ... ကျွန်တော်တို့ Software တွေ အလကားပေးလိုက်ကြရအောင်....